ပန်းတနော်မြို့၌ မြတောင်စာသင်တိုက် နှစ်ငါးဆယ်ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲတော်နှင့် ကျေးဇူးတော်ရှင် မြတောင်ဆရာတော်ကြီးနှစ်ပါးအား မွေးနေ့အထိမ်းအမှတ် ပူဇော်ကန်တော့မည်

ပန်းတနော် ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ မြတောင်စာသင်တိုက် နှစ်ငါးဆယ်ပြည့်ရွှေရတု အထိမ်းအမှတ်ပွဲတော်နှင့် ကျေးဇူးတော်ရှင် မြတောင်ဆရာတော်ကြီးနှစ်ပါးအား မွေးနေ့အထိမ်းအမှတ်ပူဇော်ခြင်းကို ၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း (၁၃)ရက်မှ ပြာသိုလပြည့်နေ့အထိ၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်ငါးဆယ်ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲတော်တွင် ပြာသိုလဆန်း(၁၃)ရက်နေ့၌ မုခ်ဦးဖွင့်ပွဲနှင့် အလံတင်အခမ်းအနားနှင့် မြို့နယ်အတွင်း နိကာယအလိုက် ပင့်ဃာတော်များကို ပင့်ဆောင်၍ လှူဒါန်းပူဇော်မည်ဖြစ်ပြီး ပြာသိုလဆန်း(၁၄)ရက်နေ့တွင် မြတောင်နွယ်ဖွားတပည့်သံဃာတော်များနှင့် မြတောင်ဒကာ/ ဒကာမများက မြတောင်ဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလဉာဏ၏ သက်တော် (၈၀)ပြည့် မွေးနေ့နှင့် မြတောင်ဒုတိယနာယက အရှင်ကုမာရ၏ (၇၅)နှစ်ပြည့် စိန်တရတုမွေးနေ့ အထိမ်းအမှတ် ကုသိုလ်တော်အဖြစ် လှူဒါန်းပူဇော်ကတော့ကြမည်ဖြစ်ကာ ပြာသိုလပြည့်နေ့၌ စာသင်တိုက်တည်ထောင်ခြင်း နှစ်ငါးဆယ်ပြည့်အခမ်းအနားကြီးတွင် အထူးပင့်သံဃာတော်ဆရာတော်ကြီး အပါး(၅၀)တို့အား ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)