ဖောငမြှောင်တောင် ဘက်စုံကာကွယ်နှိမ်နှင်းရေးနှင့်(Pheromone trap) ဟော်မုန်းထောင်ခြောက် အသုံးပြုခြင်း အသိပညာပေး သင်တန်းဖွင့်လှစ်

မုံရွာ ဖေဖော်ဝါရီ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ဖောငမြှောင်တောင် ဘက်စုံကာကွယ်နှိမ်နှင်းရေးနှင့် (Pheromone trap) ဟော်မုန်းထောင်ခြောက် အသုံးပြုခြင်း အသိပညာပေးသင်တန်းကို ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်(၉) နာရီတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

“မနှစ်က ဖောငမြှောင်တောင်ပိုး ကျရောက်စဉ်က နှိမ်နှင်းရေးအခြေအနေ အားနည်းချက် အားသာချက်တွေကို သင်ခန်းစာယူပြီး ယခုနှစ်မှာ ပိုးကျရောက်မှုကို ဘက်စုံကာကွယ်ရေး နည်းလမ်းအသုံးပြု နှိမ်နှင်းခြင်းအပြင်(Pheromone trap) ဟော်မုန်းထောင်ခြောက်နဲ့ ပိုးကျရောက်မှု အခြေအနေကို စောင့်ကြည့်နိုင်ဖို့၊ နောက်ပြီးစိုက်ပျိုးရေးဝန်ထမ်းများအနေနဲ့ ပိုးရဲ့ရာသီစက်ဝန်းကို လေ့လာဖို့လိုသလို ဘယ်ကာလမှာ ကျရောက်ရင် ဘယ်လိုနည်းလမ်းနဲ့ နှိမ်နှင်းရမလဲဆိုတဲ့ အသိပညာဗဟုသုတရရှိဖို့ အခုသင်တန်းကို ဖွင့်လှစ်ပေးရတာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

ဖောငမြှောင်တောင် ပိုးကျရောက်မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်တွင် အစေ့ထုတ်ပြောင်း  စုစုပေါင်း(၄၀၁၉)ဧကတွင် ကျရောက်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့အထိ ကန့်ဘလူမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာမြို့နယ် နှင့် ကလေး မြို့နယ်တို့တွင်  အစေ့ထုတ်ပြောင်း(၉၂)ဧက တွင်ကျရောက်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန(တိုင်းဒေသကြီးသီးနှံကာကွယ်ရေး)၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖောငမြှောင်တောင် ဘက်စုံကာကွယ်နှိမ်နှင်းရေးနှင့်(Pheromone trap) ဟော်မုန်းထောင်ခြောက် အသုံးပြုခြင်း အသိပညာပေးသင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးများမှ သီးနှံကာကွယ်ရေးတာဝန်ခံ(၁၀)ဦး၊ စိုက်ပျိုးရေး ဝန်ထမ်း(၇၀)ဦး စုစုပေါင်း(၈၀)ဦးတို့အား ဖေဖော်ဝါရီလ(၃)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြား ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဝင်းဦး(ဇေယျာတိုင်း)