ပဲခူးမြို့၌ ကရာတေးအခြေခံကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပ

ပဲခူး ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံကိုယ်လုံပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဘက်ပေါင်းစုံမှမြှင့်တင်ပေးရန်၊ ဘဝလုံခြုံရေးကိုလည်း ကာကွယ်စောင့်ရှောက်ပေးရန်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ပိုမိုမြတ်နိုးတန်ဖိုးထားစေရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အမျိုးသမီးများ အကြမ်းဖက်မှု/ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ယခုလိုကိုယ်လုံပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်၍ သင်ကြားပေးလိုက်သည့် ကိုယ်လုံပညာရပ်များကို အမြဲမပြတ် လေ့လာဆည်းပူးကြစေလိုကြောင်းနှင့် သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သော တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သင်တန်းနည်းပြများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးမြို့ သားဖွားသင်တန်းကျောင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းသူများက ကရာတေးအခြေခံ နည်းစနစ်များကိုလည်းကောင်း၊ Bago Tiger Karata Club သင်တန်းသား/သူများက မိုးကောင်းကင်သို့မျှော်ကြည့်ခြင်း ကွက်ပြောင်းလှုပ်ရှား ကစားကွက်များအားလည်းကောင်း၊ မမေသူထက်နှင့် မမြမှူးမေသူတို့မှ လူရမ်းကားတစ်စုမှ နှောက်ယှက်ခြင်းအား ခုခံကာကွယ်နည်းကိုလည်းကောင်း အသီးသီး သရုပ်ပြသခဲ့ကြပြီး သင်တန်းသူများမှ ကရာတေးဆောင်ပုဒ်ရွတ်ဆိုကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ သင်တန်းအတွက်ထောက်ပံ့ငွေ ကျပ်(၁၅)သိန်းအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာထံပေးအပ်ပြီး သင်တန်း နည်းပြဆရာများကိုလည်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါသင်တန်းအား (-၁၂-၂၀၂၃)မှ (၁၆--၂၀၂၄)နေ့အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ(၁၀၀)ဦး တက်ရောက်ကာ သင်တန်းနည်းပြဆရာများမှ ကရာတေးအခြေခံနည်းစနစ်များ၊ လက်နက်မဲ့တိုက်ခိုက်ခြင်း နည်းစနစ်များ၊ နှစ်ယောက်ယှဉ်ပြိုင် တိုက်ခိုက်ခြင်းနည်းစနစ်များ၊ ဓါးမြှောင်သမားအား လက်နက်မဲ့ခုခံ ကာကွယ်ခြင်းနည်းစနစ်များ စသည်တို့ကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)