တနိုင်း ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် အဓွန့်ရှည်ရေးအတွက်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထား ကိုးကွယ်သည့် စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၍ သာသနာတော်ညိုးနွမ်းအောင် ဆောင်ရွက်နေကြသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်များအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက် (၈) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ရာတွင် မုန်ဒိန်ကောင်းရပ်ကွက်ရှိ၊ ထေရဝါဒ သာသနာပြု (ဗဟို)မြို့မကျောင်းတိုက်၌ စုရပ်ပြုလုပ်၍ ဇေယျာသီရိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တတေဇနိယ ဦးဆောင်၍ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းအား ဆောင်ရွက်ရသည့် အကြောင်းအရင်းများကို စီတန်းလှည့်လည်ရာတွင် လိုက်ပါမည့် ဆရာတော်/သံဃာတော်များ သီလရှင်များ၊ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သည့် စစ်မှုထမ်းဟောင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ ကျောင်းသား/သူများ ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်းအင်အား (၁၃၀၀)ဦးကျော်ကို စင်မြင့်ထက်မှ ကြွေးကြော်သံများ မှာကြားခဲ့ပြီး ပိုစတာ ဆိုင်းဘုတ်များ၊ Hand Speaker များ၊ သာသနာ့အလံများ ကိုင်ဆောင်သူ အသီးသီးမှ ဗုဒ္ဓဘာသာအား စော်ကားဖျက်ဆီးနေသည့် အကြမ်းဖက် သူပုန်မှန်သမျှ "ဆန့်ကျင်ကြ"၊ ဘုရား စေတီများအား ဖျက်ဆီးနေသည့် လူငယ်အကြမ်းဖက်မိစ္ဆများ "ကျဆုံးပါစေ" သာသနာကို ဖျက်ဆီးနေ သော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး "ဒို့အရေး" ဟူသော ကြွေးကြော်သံများနှင့် မြို့မကျောင်းတိုက်မှ မိုင်းခွန်လမ်းအတိုင်း လီဒို လမ်းမကြီးပေါ်သို့ တက်ရောက်ကာ ဒကစ(တနိုင်း)တပ်အနီး မြို့ဦးကျောင်းတိုက်အထိ (၁)မိုင်ကျော်ခန့် လမ်းတစ်လျှောက် စီတန်း လှည့်လည်ကြွေးကြော်၍ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့တွင် ပါဝင် ဆင်နွှဲသူ များအား ဒေသခံလုပ်ငန်းရှင်များ၊ စေတနာရှင်များ အလှူရှင်များက ကောက်ညှင်းပေါင်းနှင့် အကြော်၊ ရေသန့်ဘူး၊ အချိုရည်များ လမ်းတစ်လျှောက် ပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)