ကော့ကရိတ်ခရိုင်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ လုံခြုံရေးစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်

ကော့ကရိတ် အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်တွင် ၂၀၂၀-ပြည့်နှစ်၊  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးသစ်) အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲရုံများစနစ်တကျ ဆောင်ရွက်ထားရှိမှု၊ မဲစာရင်းများ၊ မဲကတ်ပြားများ လုံခြုံရေးကိစ္စ၊ အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက မည်သို့ဆောင်ရွက်ထားကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန် ဆွေးနွေးသည်။

ထို့နောက် ကော့ကရိတ်ခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ပြည့်ဖြိုးအောင်က အထူးရဲသင်တန်း ဖွင့်လှစ်ပြီးစီးမှု၊ မဲရုံတစ်ရုံတွင် အထူးရဲ (၁)ဦး တာဝန်ချထားမှု၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် လုံခြုံရေး ဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အရာရှိတို့က ကြိုတင်မဲပေးရမည့် နေ့ရက်များနှင့် အခြေအနေများ၊ ခရိုင်/ မြို့နယ် ကော်မရှင် အဖွဲ့ခွဲဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ကြိုတင်မဲပေးရေးကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးသည်။ ထို့ပြင် ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူးတို့ ကလည်း မဲရုံများတွင် တာဝန်ချထားမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေး ဆောင်ရွက်ထားရှိမှု အစည်းအဝေးသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ ခရိုင်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးလွင်