ပေါင်းတည်မြို့ရှေးဟောင်းသမိုင်းဝင် မင်းလင်္ကျာနှင့်မင်းလက်ဝဲ စေတီတော်များအား ရွှေစင်သင်္ကန်းကပ်လှူရန် ပြည်သူများပါဝင်လှူဒါန်း

ပေါင်းတည် ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါင်းတည်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မင်းလင်္ကျာနှင့်မင်းလက်ဝဲသီရိစေတီတော်မြတ်များအား ရွှေစင်ရွှေသား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ဒေသခံနှင့်ရပ်နီးရပ်ဝေးပြည်သူများက ရွှေစင်ရွှေသားနှင့်ငွေသားများ ပါဝင်လှူဒါန်းလျက်ရှိကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။

အဆိုပါ စေတီတော်မြတ် ၂ ဆူသည် မြို့ကျက်သရေဆောင်စေတီတော်များဖြစ်ပြီး ရွှေကျောင်းကြီးတိုက်ဝင်း၊ သကျမုနိမိုဃ်းကောင်းဘုရားကြီးနှင့် ဗုဒ္ဓမြတ်စွယ်တော်တိုက် ပရဝဏ်အတွင်း၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင်စေတီတော်များဖြစ်ကြောင်း၊ ထိုစေတီတော်များအား ရွှေစင်ရွှေသား သင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် ပြည်သူများက လက်ဝတ်ရတနာရွှေစင်များနှင့် ငွေသားများကို အသီးသီးပါဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပါဝင်လှူဒါန်းခဲ့ကြသော မြတ်ဒါနရှင်ပြည်သူများအား ဘဏ္ဍာထိန်းဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြပြီး ထိုလှူဒါန်းမှုအစုစုအတွက် စေတီတော် တည်ထားကိုးကွယ်ခဲ့သော ရှေးမင်းကောင်းမင်းမြတ်များနှင့်အတူ မြတ်ကုသိုလ် အတူရရှိနိုင်ကြစေရန် အလှူတော်ရေစက်ချမင်္ဂလာပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)