ဝေါမြို့နယ် အ-ထ-က(ခွဲ) ဆင်ရွာကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ဝေါ ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်း ၁၀း၀၀နာရီတွင် ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ဆင်ရွာ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမူက အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က Moderator အဖြစ် ဆောင်ရွက်ပေးပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ ဆင်ရွာမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade 10 မှ မောင်ခန့်သူထက်က ကျောင်းသားနှင့် စာမေးပွဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 10 မှ မခတ်ဝတ်ရည်နှင်းက အနက်တူစကားလုံးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 10 မှ မဝင့်နန္ဒာကျော်က လူငယ်၏ဘဝနှင့် တန်ဖိုးခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade 10 မှ မသက်စုလှိုင်က အသက်အကြောင်း ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade 10 မှ မောင်စည်သူကျော်က ဘဝလမ်းညွှန်စကားမွန်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးသည်။

ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)