ကျောက်တံခါး ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က(ခွဲ)(ခင်သာ) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းတင့်က ယနေ့ခေတ်လူငယ်နှင့် (Social media)အကြောင်း၊ အသိပညာဗဟုသုတများတိုးပွား၍ အမှား၊ အမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် လူငယ်များဖြစ်လာစေရန် စာဖတ်သည့်အလေ့အကျင့်များ ပျိုးထောင်ရန်နှင့် လူငယ်ရေးရာသိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများ ဟောပြောခဲ့ပြီး လူငယ်များအနေဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်မည့် သားကောင်းရတနာများ ဖြစ်လာစေရန်" စာအုပ်စာပေလူ့မိတ်ဆွေ"ဟူသည့်အတိုင်း အကျိုးရှိသော စာကောင်းပေမွန်များ ဖတ်ရှုကြရန်တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နုနုခင်က လူငယ်များအနေနှင့် အသက်အရွယ်အလိုက်ကစားသင့်သည့် အားကစားများ၊ နည်းမှန်စနစ်မှန်ကစားရန် လိုအပ်သည့်အချက်များ၊ အားကစားသိပ္ပံအကြောင်း အသိပညာပေးဟောပြောပြီး နည်းစနစ်မှူး ဒေါ်မိုးသူဇာက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသရုပ်ပြကစားကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များသိသင့်သိထိုက်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)