တနင်္သာရီမြို့အ.မ.က တပ်ဦးကျောင်း၏ ၂၀၂၄ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီ ဇန်နဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အခြေခံပညာမူလတန်းကျောင်း တပ်ဦးကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၎င်းကျောင်းခန်းမအတွင်း ဇန်နဝါရီလ ၁၈ ရက် နံနက် ၉ နာရီခွဲအချိန်မှစ၍ စည်ကားစွာကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအေးစိုးနှင့် မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ.မ.က-တပ်ဦးကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူအောင်နှင့်ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင် နာယကနှင့်အဖွဲ့ဝင်များ၊ ကျောင်းသူ/သားများ၏ မိဘ/အုပ်ထိန်းသူများနှင့် ကျောင်းသား/သူများ စည်ကားစွာတက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ Grade-4 နှင့် Grade-5 ကျောင်းသူ/သားများက လင်းလက်ကြယ်တေးသီဖြင့် သီဆို၍ ပညာရေးစုံညီပွဲ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးအေးစိုးနှင့် စုံညီပွဲဖြစ်မြောက်ရေးကော်မတီဝင် ဦးမြင့်ကိုတို့က အမှာစကားပြောကြားပေးကြောင်း သိရှိရသည်။

ထို့နောက် အခြေခံပညာမူလတန်းကျောင်း-တပ်ဦး၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့်ပြိုင်ပွဲနှင့် ကျောင်းတွင်းပြိုင်ပွဲများတွင် ကာယ/ဉာဏထူးချွန်ဆုရရှိခဲ့ကြသည့်  ကျောင်းသူ/သားများအား ဆုချီးမြှင့်ပွဲကို လက်လက်ကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူးဦးအေးစိုးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးကြသည်။

ထို့အပြင် အဆိုပါကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းတက်ပျက်ကွက်မှုမရှိဘဲ ကျောင်းတက်မှန်ခဲ့သည့် ဆရာမဒေါ်ခိုင်ဇာမိုးနှင့် ကျောင်းသားရှင်သာမဏေ ထူးထူးလင်းတို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူအောင်က ဂုဏ်ပြုငွေချီးမြှင့်ပေးကြောင်း သိရသည်။

ထို့နောက် အတန်းလိုက် ကျောင်းသူ/သားလေးများက အကပဒေသာများ၊ တေးသရုပ်ဖော်အကများနှင့် ယဉ်တစ်ကိုယ်မယ်/လှယဉ်ကျေးမယ် ပြကွက်များဖြင့်စည်ကားစွာ ကပြဖျော်ဖြေပေးကြပြီး ကျောင်းအကျိုးဆောင်အဖွဲ့ အဖွဲ့ဝင် ဦးကျော်နိုင်ဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)