မြဝတီမြို့ အ.ထ.က(ဝါးတော)၌ ၂၀၂၃–၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မြဝတီ ဇန်နဝါရီ  ၁၈

ကရင်ပြည်နယ်၊ ​မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)၏ ၂၀၂၃–၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး Grade-10 ကျောင်းသား၊ကျောင်းသူလေးများက "ကြိုဆိုပါသည်စုံညီပွဲတော်"တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်၂ ဦး စိန်သောင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်မှုသည် အခြေခံပညာ ရေးသာလျှင် အဓိကဖြစ်ကြောင်း၊ နိုင်ငံတော်၏  အဓိက စွမ်းအားစုဖြစ်သည့် ကျောင်းသား၊ကျောင်းသူများ ဘက်စုံပညာ ပြည့်ဝနေစေရန် မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် စုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၂ ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဘက်စုံပညာရေးတွင် အဆင့်အေရရှိသူများနှင့် ကာယ၊ဉာဏပိုင်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)