ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး

ကော့သောင်း ဇန်နဝါရီ  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး (၆)လပြည့်ပြီးသူ၊ တတိယအကြိမ် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပြီး(၆)လပြည့်ပြီး သူ၊စတုတ္ထအကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူနှင့် ပဥ္စမအကြိမ်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီး(၆)လပြည့်ပြီးသူ နိုင်ငံဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်မှစတင်၍ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပထမနေ့အဖြစ် ထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာလင်းထိုက် ဦးဆောင်သော ဆရာ၊ဆရာမများက ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စာရင်း‌ရေးသွင်းခြင်းများဆောင်ရွက်ပြီး အသက်(၅၀)ပြည့်ပြီးနှင့် (၅၀)အောက် ကော့သောင်းခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ဂျာမနီနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး (Pfizer vaccine)အား ဆေးတစ်လုံးလျှင် (၇)ဦးနှုန်းဖြင့် ထိုးနှံပေးခဲ့ကြကာ ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀)အနားယူစေပြီး ဒေါက်တာ လင်းထိုက်နှင့် တာဝန်ရှိသူများက အားပေးစကားများ ပြောကြားခဲ့ကြသည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့ထိ သတ်မှတ်ဆေးထိုးချိန်အတွင်း ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာ‌ရေး စောင့်ရှောက်မှုများဖြင့် ဌာနဆိုင်ရာများအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ဝန်ထမ်း မိသားစုများနှင့် ပြည်သူများအားလည်း ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)