လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

လိပ်သို  ဇန်နဝါရီ   ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ မိမိတို့အတွက် အသိလိမ္မာတိုးပွား စေနိုင်သော စာအုပ်စာပေများကို အစဉ်အမြဲဘ၀၏ လက်တွဲဖော်မိတ်ဆွေများ ဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား/ကျောင်းသူများ စာဖတ် သည့်အလေ့အထရှိစေရန်နှင့်  စာကြည့်တိုက်သို့ လာရောက်၍ စာပေများလေ့လာစေရန်၊ စာဖတ်ခြင်းဖြင့်  ဉာဏ်ရည်ဉာဏ်သွေးများ  မြင့်မားလာပြီး အတွေးအခေါ်အယူအဆများ တိုးတက်စေရန်နှင့် စာဖတ်ခြင်း၏  အကျိုးရှိမှု၊ စာပေဖတ်ရှုပုံ ဖတ်ရှုနည်း၊ စာအုပ်စာပေရွေးချယ်မှု၊ တစ်နည်းအားဖြင့် စာပေသည် လူသားတို့ဉာဏ်ရည်ကို မြင့်မားအောင် ဖန်တီးပေးသော အကောင်းဆုံး အရာပင် ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အထွေထွေဗဟုသုတ သိမှတ်ဖွယ်အကြောင်းအရာများ အကျယ်တဝင့်သိရှိစေရေးအတွက် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုများကို  ကျောင်းသား/ကျောင်းသူလူငယ် များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းလုပ်ငန်းတို့အပြင် ပြပွဲ/ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက်  Online  မှတစ်ဆင့်  Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)