တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၁၈

အခြေခံပညာကျောင်းသား၊ ကျောင်းသူများအားဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကိုချမှတ်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်ဆန်းသစ်သည့် အတွေးအခေါ်ရှိသော၊ နုပျိုတက်ကြွ၍ အားမာန်အပြည့်ရှိသော၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ မရှိမဖြစ်လိုအပ်ကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင်နိုင်ငံ တာဝန်များကို လွှဲပြောင်းတာဝန် ယူကြရမည့် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်သလို အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် နုနယ်ပျိုမြစ်သော လူ့စွမ်းအားအရင်းအမြစ်များလည်း ဖြစ်ကြောင်း၊ လူငယ်များ၏ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်း များကနေ အကောင်အထည်ဖော် သင်ကြားလေ့ကျင့် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အနာဂတ်နယ်ပယ်အသီးသီးတွင် ဦးဆောင်ဦးရွက်ပြုမည့် လူငယ်များ၏ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်စေရန်၊ စွမ်းဆောင်ရည်ပြည့်ဝစေရန်၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူများ ဖြစ်လာစေရန်၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကျောင်းသားအရွယ်ကတည်းက စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းမှာရှိသော လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စာပေပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်စွမ်းရည်မြှင့်သင်တန်းများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် လူငယ်အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာဦးစီးဌာနများမှတစ်ဆင့် စီစဉ်ဆောင်ရွက်စေပြီး လိုအပ်သမျှကို ဖြည့်ဆည်းပံ့ပိုးထောက်ပံ့ပေးလျက်ရှိကြောင်း၊ အသိပညာပေးဟောပြောပွဲကို အောင်မြင်စွာကျင်းပ နိုင်အောင် ဦးဆောင်စီစဉ်လမ်းညွှန်ပေးသည့် တိုင်းရင်းသားရေးရာဝန်ကြီး၊ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဟောပြောပေးသည့် ထားဝယ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့်ပါမောက္ခ၊ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု၊ ဉာဏဗလ၊ ဉာဏ်ပညာကာယ ဗလ၊ ထက်မြက်၍ တီထွင် ကြံဆတွေးခေါ်ဖန်တီးနိုင်မှု၊ စာရိတ္တဗလ၊ ပြည်သူ့နီတိနှင့် လူမှုကျင့်ဝတ်များ စောင့်ထိန်းလိုက်နာသော အကျင့်စာရိတ္တ ကောင်းမွန်မှု၊ မိတ္တဗလ အများနှင့်ပူးပေါင်း၍ အဖွဲ့အစည်း ပေါင်းသင်းဆက်ဆံရေးစိတ်ဓာတ်ဖြင့် ဆောင်ရွက်လိုသော ကောင်းမွန်မှု၊ ဘောဂဗလ၊ သမာအာဇီဝကျသောနည်းလမ်းဖြင့် အကျိုးစီးပွားကူညီပံ့ပိုးမှုတို့ကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ရေးအတွက် ဟောပြောချက်များကို လေးစားစွာနာယူမှတ်သား ဖြန့်ဝေပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က အသိပညာပေးဟောပြောမည့်သူများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး ခင်းကျင်းပြသထားသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ထားဝယ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာမိမိကြီးနှင့် သမိုင်းဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာနှင်းမာခင်တို့က ကျောင်းသား/သူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောသည်။ ထို့နောက် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်ထားသည့် ဉာဏ်စမ်းမေးခွန်းကို ပျော်ရွှင်စွာဖြေဆိုကြပြီး မေးခွန်းများကိုဖြေဆိုခဲ့ကြသည့် ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်နှင့်ဘောပင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)