ကန့်ဘလူ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ညောင်အိုင်ကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပသည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်အိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြောစွမ်းရည်များ၊ နားထောင်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့်စည်းကမ်း”၊ “လူငယ်နှင့်စာပေ” ၊ “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး” ၊ “လူငယ်နှင့်ရည်မှန်းချက်” ၊ “လူငယ်နှင့်အနာဂတ်”၊ “လူငယ်နှင့်ပညာရေး” စသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်တို့ကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)