ဒေးဒရဲမြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများသို့ (Grade-9) အောင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများ အသိပညာပေး ဟောပြော

ဒေးဒရဲ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ စက်မှု၊ စိုက်ပျိုးမွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသည့်ကျောင်းသို့ (Grade-9) အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က သက္ကယ်ချောင်ကျေးရွာအုပ်စု၊ ရွှေဘိုစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာလှိုင်ဘုန်းမြင့်က စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များ၊ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က သင်ထောက်ကူပစ္စည်းများ၊ ထောက်ပံငွေများပေးအပ်လျက်ရှိသည့် အခြေအနေများ၊ သင်တန်းပြီးမြောက်ပါက သက်ဆိုင်ရာ တက္ကသိုလ်များသို့ ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများအား  ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများ၊ မိဘများက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများအား  စက်မှု၊ စိုက်ပျိုးမွေးမြူရေးပညာရပ်များ သင်ယူခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ခရိုင် (၅၀)၊ မြို့နယ် (၅၁)မြို့နယ်တို့တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း