ဘိုကလေး ဇန်နဝါရီ ၁၈
မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကျရောက်မှုမရှိစေရေးကိုရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီး၌ ဇန်နဝါရီလ (၁၆)ရက်နေ့မှစတင်ကာ စတုတ္ထအကြိမ်မြောက် ဥပ္ပါတသန္တိကျမ်းမြတ် စတင်ရွတ်ဖတ်ပူဇော်ခဲ့ပြီး ယနေ့ တတိယနေ့အဖြစ် ကျမ်းမြတ်တော်အား ဆက်လက်ရွတ်ဖတ်ပူဇော်လျက်ရှိသည်။
ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ရာတွင် ဘိုကလေးမြို့ပေါ် သံဃာကျောင်းတိုက်ပေါင်းစုံမှ ဆရာတော်၊ သံဃာတော်(၂၇)ပါးမှ (၃)ပါးစီခွဲ၍ အလှည့်ကျတစ်ရက်လျှင်(၉)ကြိမ် ရွတ်ဖတ်ပူဇော်ခြင်းဖြစ်ပြီး ဇန်နဝါရီ (၂၄)ရက်နေ့အထိ (၉)ရက်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်းနှင့် သံဃာတော်များ ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ၊ ဆွမ်းကပ်လှူခြင်းကိစ္စများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်ဌာနဆိုင်ရာများမှလည်း ဝိုင်းဝန်း ပူးပေါင်း ကုသိုလ်တော်ယူ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)