ဒီးမော့ဆိုတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်း

ဒီးမော့ဆို အောက်တိုဘာ ၂၈

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၆၄) ဦးနှင့် အရန်(၂)ဦးအား အောက်တိုဘာ ၁ ရက်မှ စတင်၍ ရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များကို သင်ကြား ပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ငွေတောင်ကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်းက ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်း ဆောင်မည့် အထူးရဲများအား ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများကို သင်ကြားပို့ချပေးခဲ့ပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမည့်ကာလအတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် တာဝန်ကျရာ မဲရုံများသို့ အချိန်မီရောက်ရှိရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမည့် ကာလနှင့် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ထူးခြားချက် တစ်စုံတစ်ရာ ရှိပါက သက်ဆိုင်ရာများကို အချိန်နှင့်တစ်ပြေးညီ တင်ပြ သွားကြရန် မှာကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာများ၊ သတင်းမီဒီယာဥပဒေနှင့် ကျင့်ဝတ်၊ ရဲစည်းကမ်းထိန်း သိမ်းရေး၊ ရဲကျင့်ဝတ်၊ ရဲလက်စွဲနှင့် ရဲအက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ် ကျင့်ထုံးဥပဒေ၊ လူ့အခွင့် အရေးစသော သင်တန်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)