ဒေးဒရဲ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ အပတ်စဥ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အချိန်မီပြီးစီးရေး သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးရေး သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်သွားရန်၊ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေးမည့် အခြေအနေများ၊ မြို့ပေါ်ရပ်ကွက်လမ်းများ၊ ဌာနဆိုင်ရာ အဆောက်အဦးများ သန့်ရှင်းသာယာရေး ဆောင်ရွက်သွားရန်နှင့် ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် အခက်အခဲများ တင်ပြသွားကြရန်ဆွေးနွေးမှာကြားခဲ့ပြီး သက်ဆိုင်ရာ ဌာနများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ရာ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှု၊ နွေစပါးမြောင်းများ တူးဖော်ပြီးစီးမှု၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေမှုများနှင့် ပြည်သူများတင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုကဏ္ဍများအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်ချက်များနှင့် အခက်အခဲများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက ပြည်သူများတင်ပြလာသည့် အခက်အခဲများအား အပတ်စဥ် ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း