ကျောင်းကုန်း ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၄)ရပ်ကွက်၊ ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက် ဓမ္မာရုံ၌ “ဓမ္မကွန်ယက်ပေးသောလက် ကုသိုလ်တော်ဆေးခန်း” ကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က စတင်ကုသပေးလျက်ရှိသည်။
ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက် ပဓာနနာယ ကဆရာတော် ဒေါက်တာ အရှင်ကုဏ္ဍလက ကုသိုလ်တော်ဆေးခန်း၏ ရည်ရွယ်ချက်မှာ "နွမ်းသူတွေလန်းဖို့ စွမ်းသူတွေထမ်းစို့" ဟု ဆောင်ပုဒ်ထားရှိပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် မြို့ခံဆရာဝန်များ၊ အငြိမ်းစားသူနာပြုများက မြို့နယ်အတွင်းရှိ အထွေထွေလူနာ(၅၅)ဦးနှင့် အသက်(၆၀)နှစ်အထက် သွားနှင့်ခံတွင်းဝေဒနာ ရှင်(၅)ဦး၊ စုစုပေါင်း(၆၀)ဦးအား ကုသပေးသွားမည်ဖြစ်သည်။
တစ်ပတ်လျှင် ဗုဒ္ဓဟူးနေ့ မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအချိန်ထိ အထွေထွေရောဂါကုသပေးမည်ဖြစ်ပြီး၊ ကြာသပတေးနေ့ မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအချိန်ထိ ကြပ်ထုပ်ထိုးကုသပေးသွားမည်ဖြစ်ကြောင်းနှင့် သဒ္ဒါကြည်ဖြူ လှူဒါန်းလိုသူများအနေဖြင့် လူနာတစ်ဦးလျှင် ငွေကျပ်(၃)ထောင်နှုန်းဖြင့် လူနာ(၁၀)ဦးစာသော်လည်းကောင်း၊ (၁၀၀)ဦးစာသော်လည်းကောင်း လစဉ်လှူဒါန်းနိုင်ကြောင်း “ဓမ္မကွန်ယက်ပေးသောလက် ကုသိုလ်တော်ဆေးခန်း” အဖွဲ့ထံမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)