ရှမ်းရွာသစ် ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလူငယ်လေးများ ကာယ၊ ဉာဏ စွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ကျောင်းသား/ သူလူငယ် လေးများ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့် ရှိစေရန်၊ စာဖတ်ခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်၊ စာကြည့်တိုက်သည် အသိပညာ ဗဟုသုတ ပေးစွမ်းသည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဘောလုံးပစ်ပြိုင်ပွဲ၊ ဘိုးလိမ်းပစ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူ (၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများအား ဗဟုသုတ ရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)