ဆိပ်ဖြူ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပေါ်ရှိ ဆူးလေကုန်းတံတား ပေ(၁၂၀၀) တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါ စီစစ်ရွေးချယ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက တံတားအထူးအဖွဲ့(၅)၊ ဆိပ်ဖြူရုံး၌ ဆောင်ရွက်သည်။
အဆိုပါတံတားတည်ဆောက်ခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ခရီသွားပြည်သူများနှင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေပြီး ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၃) ပခုက္ကူနှင့် တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူတို့က တာဝန်ခံအင်ဂျင်နီယာများမှတာဝန်ယူ၍ တည်ဆောက်ပေးလျက်ရှိပြီး တံတားတည်ဆောက်ခြင်းလုပ်ငန်းများတွင် အသုံးပြုမည့် တည်ဆောက်ရေးလုပ်ငန်းခွင်သုံး ပစ္စည်းများဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အိတ်ဖွင့်တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် တံတားအထူးအဖွဲ့(၃) ပခုက္ကူ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးတင်နိုင်ကိုကိုတို့က တင်ဒါတင်သွင်းသူ လုပ်ငန်းရှင်များအား တင်ဒါစည်းကမ်းများနှင့် ပဏာမတင်ဒါအောင်မြင်သူများအနေဖြင့် သတ်မှတ်အရည်အသွေးမှီ လုပ်ငန်းသုံးပစ္စည်းများ သတ်မှတ်အချိန်အမှီ ပို့ဆောင်တင်သွင်းရေးတို့ကို ရှင်းလင်းပြောကြားပေးခဲ့ကြပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါစီစစ်ရွေးချယ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်များက တံတားတည်ဆောက်ခြင်းလုပ်ငန်းအတွက် GI Pipe ငြမ်းနှင့် ဆက်စက်ပစ္စည်းများ ဝယ်ယူခြင်း၊ မြစ်ကျောက်စရစ်၊ မြစ်သဲဝယ်ယူခြင်းနှင့် သံချောင်း၊ ဘိလပ်မြေသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းတို့အား အပြိုင်တင်သွင်းခဲ့ကြပြီး၊ တင်ဒါစီစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပဏာမတင်ဒါအောင်မြင်သူများကို အတည်ပြုခဲ့ကြသည်။ ထို့နောက် တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီအတွင်းရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)