တနင်္သာရီမြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကျင်းပ

တနင်္သာရီ အောက်တိုဘာ ၂၈

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ () ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ မဲရုံ(၉၇)ရုံ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင် များ သင်တန်းဆင်းပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ  အထက-တနင်္သာရီ ပညာရတနာခန်းမအတွင်း ယနေ့ နံနက် နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်နှင့် သင်တန်းမှူး ရဲအုပ်အောင်ကြည်သိန်းနှင့် အုပ်ချုပ်သူများ၊ နည်းပြ ဆရာများနှင့် အထူးရဲတပ်ဖွဲ့ဝင် (၉၈) ဦးတို့ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်က ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထူးရဲတပ်ဝင် သင်တန်းကာလအတွင်းမှာ သင်ကြား ပို့ချပေးခဲ့သည့် လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များဖြင့် မြို့နယ်သန္ဓေရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ  မဲရုံမှူး/မဲရုံအဖွဲ့အပြင် ဒေသခံများနှင့်ပူးပေါင်း၍ အောင်မြင်အောင်ဆောင်ရွက်ကြရန် အမှာစကား ပြောကြားပြီး သင်တန်း တစ်လျှောက် အကောင်းဆုံးထူးချွန်ဆုရသူ (ကသ-၈၂) ဇော်ထွန်း အား  ဆုငွေနှင့်ဂုဏ်ပြု မှတ်တမ်းလွှာကို ဂုဏ်ပြုချီးမြှင့်ပေးသည်။

ဆက်လက်၍ အထူးရဲတပ်ဖွဲ့သင်တန်းသားများ တပ်ခွဲအလိုက်ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမ/ဒုတိယ/ တတိယ ဆုရရှိသောအသင်းများအား မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်အောင် က ဆုငွေများချီးမြှင့်ပေးပြီး၊ သင်တန်းသား ရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းလက်မှတ်ကို ရဲအုပ်အောင်ကြည်သိန်းမှ တပ်ခွဲအလိုက် ကိုယ်စားလှယ်တစ်ဦးစီထံသို့ ပေးအပ် ပေးကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ(၈)ရက်နေ့၌ တာဝန်ချထားမည့် မဲရုံအမှတ်နှင့် ကျေးရွာအမည်စာရင်းကို ဇုံနယ်မြေ(၅)ဇုံမှဇုံနယ်မြေတာဝန်ခံများက အသိပေးကြေညာပေးပြီး၊ ၎င်းအထူးရဲတပ်ဖွဲ့ဝင်(၉၈)ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအတွင်း လစာငွေကျပ် (၁၄၀၀၀၀) နှင့် အထူးရဲဝတ်စုံအသစ် တစ်စုံစီကို ထုတ်ပေး ကြောင်းနှင့် အဆိုပါသင်တန်းအား အောက်တိုဘာလ (၁ ရက်မှ ၂၈ ရက်) အထိ၊ (၂၈) ရက်ကြာ စခန်းသွင်း လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက် () ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၁) အုပ်စု၊ စုစုပေါင်း(၂၆)စုတွင် မဲရုံ (၉၇) ရုံရှိပြီး၊ မဲဆန္ဒရှင်ပြည်သူမှာ (၈၀၀၀၀) ကျော်ရှိကြောင်း မြို့နယ်ကော်မရှင်ရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)