ရေနံချောင်း ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒတစ်ရပ်အနေဖြင့် မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်ကာ တားဆီးကာကွယ်ထိမ်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသည် လူညွှန့်တုံးစေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စူးစမ်းကာ စမ်းသပ်သုံးစွဲခြင်းမပြုကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ရေနံချောင်းမြို့ မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး အောင်လွင်ဦးက မူးယစ်ဆေးဝါးသုံးစွဲရခြင်းသည် စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်းနှင့် အပေါင်းအသင်းမိတ်ဆွေးများကြောင့်ဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံး ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်မြတ်နိုးတင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းကြောင့် အရေးယူခံရနိုင်သည့် ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အသိပညာပေးဟောပြောကာ မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှုများနှင့် ဖမ်းဆီးရမိမှုများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုနွယ်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)