ရေနံချောင်းမြို့နယ် ပဆင-အေးရွာ-ညောင်စောက်ချောင်း-ဝါးရိုးလမ်းအား ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ရေနံချောင်း ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်သည် လမ်းဦးစီးဌာန လမ်းကြီးကြပ်ရေးအဖွဲ့(မကွေး)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရေနံချောင်းမြို့နယ် ပဆင-အေးရွာ-ညောင်စောက်ချောင်း-ဝါးရိုးလမ်းအား ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေးလမ်းမကြီးမှ အေးရွာ-ညောင်စောက်ချောင်း-ဝါးရိုးလမ်းအား ဒေသခံပြည်သူများ အချိန်ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် လမ်းဦးစီးဌာန လမ်းကြီးကြပ်ရေးအဖွဲ့(မကွေး)မှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၅၃ ဒသမ ၀၂၇ သန်းဖြင့် လမ်းအရှည်(၀/၄)မိုင်၊ လမ်းအကျယ် ၁၂ ပေ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ရေရှည်တည်တံ့ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။ 

အဆိုပါ ညောင်စောက်ချောင်းကျေးရွာအဝင် မြေသားလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ရေနံချောင်းမြို့နယ် ညောင်စောက်ချောင်းကျေးရွာအပါအဝင် ကျေးရွာ (၃)ရွာမှ အိမ်ခြေ ၄၂၀၊ လူဦးရေ ၁၇၆၆ ဦးအတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည့်အပြင် ဒေသ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)