ငဖဲမြို့နယ် အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြော

ငဖဲ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကျောင်းပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဖြစ်စေရန် ရည်ရွယ်၍ မကွေးမြို့ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးများအကြောင်း သိကောင်းစရာမျာကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မကွေးမြို့ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စု ပျဉ်းဝစစ်ဆေးရေးဂိတ်(ငဖဲ)တာဝန်ခံ ဒုရဲမှူး သန်းထွဋ်ဇော်က မူးယစ်ဆေးဝါးများအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အသိပညာပေး ပြောကြားခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၃၃)ဦး၊ သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၆၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)