ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲစိုက်ခင်းများ ပိုးမွှားကျရောက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး

ကျွန်းလှ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီးထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲစိုက်ခင်းများ ပိုးမွှားကျရောက်မှုရှိမရှိ ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်မှာ မြေပဲကို မိုးရာသီနှင့်ဆောင်းရာသီမှာ စိုက်ပျိုးကြပါတယ်။ ဒီနှစ်မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းတာကြောင့် တောင်သူတွေ အကျိုးအမြတ်ရရှိခဲ့ကြပါတယ်။ အခုကာလမှာ ဆောင်းမြေပဲစိုက်ခင်းများ ရွက်လိပ်ရွက်ကပ်ပိုးကျရောက်တတ်၍ ပိုးမွှားကင်းထောက်ခြင်းနဲ့ အသိပညာပေးခြင်း ဆောင်ရွက်တာဖြစ်ပါတယ်။ တစ်ချို့မြေပဲစိုက်ခင်းများ နုတ်ယူနေကြပြီး သီးထပ်စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ဆောင်းမြေပဲစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ဓာမြေဩဇာစနစ်တကျသုံးစွဲရေး စသည့် စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးမှုအနေဖြင့် မြေပဲ ၁၄၂၃၆ ဧက၊ နှမ်း ၁၄၀၃၅ ဧက၊ နေကြာ ၁၂၂၇ ဧက၊ ပန်းနှမ်း ၅၃၁၅ ဧက၊ မုံညှင်းစေ့ ၄၃၅ ဧက စုစုပေါင်း ၃၅၂၄၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို - ကျွန်းလှ