စေတုတ္တရာ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်ထက်မြတ်၍ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်း (၉) နာရီက ကျင်းပသည်။
ရှေ့ဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားနှင့်အတူ ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူကုန်ကူးမှုအန္တရာယ်အကြောင်း ဟောပြောခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းကိုကိုက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် လူငယ်များစာအုပ်စာပေဖတ်ရူခြင်းဖြင့် ရရှိလာမည်အကျိုးကျေးဇူးများ၊ လူငယ်များ မြန်မာစာအသုံးအနှုန်းများ မှန်ကန်ရေး ဟောပြောပြီးနောက် မြို့နယ်ပညာရေးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွန်းက လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၌ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူး၊ ကလေးအလုပ်သမားပပျောက်ရေးတို့၌ ပါရှိသော အသိပညာဗဟုသုတဖြစ်စေမည့် နံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသော စေတုတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူငယ်ရေးရာကော်မတီဌာန တာဝန်ရှိသူများနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ အမှတ် (၁) ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်းသိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)