ပုသိမ် ဇန်နဝါရီ ၁၇
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟင်္သာတတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်သိပ္ပံအသီးသီးတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ကျင်းပနေကြပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အခြေခံပညာလွန်မြောက်၍ အဆင့်မြင်ပညာများကို စတင်လေ့လာဆည်းပူးရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကြီးတွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့အား တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများက နွေးထွေးစွာကြိုဆိုကြခြင်း ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အခြေခံပညာကို မိဘအုပ်ထိန်းမှုဖြင့်သင်ယူအောင်မြင်ခဲ့ရာမှ တက္ကသိုလ်သို့ရောက်ရှိလာချိန်တွင် ကိုယ်ပိုင်စဥ်းစားဆင်ခြင်တွေးခေါ်မှု ဆုံးဖြတ်မှုတို့ဖြင့် လေ့လာဆည်းပူးသွားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိမိတို့ဝါသနာပါသည့် အားကစား၊ စာပေ၊ ဂီတ၊ အနုပညာဆိုင်ရာ များကိုလည်း ဖော်ထုတ်ပြသနိုင်ရန်အတွက် အခွင့်အလမ်းကောင်းများကို ဖန်တီးရယူနိုင်သည့် နေရာလည်း ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝအရင်းအမြစ်များကို အသုံးချနိုင်ပြီး ဒေသအကျိုးကို ရှေးရှုပို့ချပေးမည့် စိုက်ပျိုးရေးဓာတုဗေဒဌာန( Agricultural Chemistry)၊ ငါးပညာသိပ္ပံ (Fisheries Science)ဆိုသည့် အသုံးချဘာသာရပ်နှစ်ခုကိုလည်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ပြင် မောင်တို့မယ်တို့အနေဖြင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆင့်မြင့်ပညာကဏ္ဍအတွက် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကျောင်းတွင်း လှုပ်ရှားမှုများ၊ လူမှုရေးအသင်းအဖွဲ့များတွင်လည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မောင်မယ်သစ်လွင်တို့အနေဖြင့် အဆင့်မြင့်ပညာများကိုလေ့လာဆည်းပူးပြီး သုတေသနပြုမှု၊ တီထွင်ဖန်တီးမှုများကို တိုးတက်အောင်မြင်အောင် ကြိုးစားရင်းဖြင့် ဒေသနှင့်နိုင်ငံအကျိုး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဖော်ဆောင်ပေးနိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ပညာတတ်လူငယ် မောင်မယ်များ ဖြစ်ပါစေကြောင်း” မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားများ ပြောကြားသည်။
ထို့နောက် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က နွေးထွေးစွာကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီးနောက် ဟင်္သာတတက္ကသိုလ်သင်ကြားရေး၊ စီမံခန့်ခွဲရေး အကြီးအကဲများနှင့် မောင်မယ်သစ်လွင်များအား မိတ်ဆက်ပေးခဲ့သည်။
ဆက်လက်၍ ဝိဇ္ဇာဘာသာရပ်များအကြောင်း သိကောင်းစရာများကို ဒဿနိကဗေဒဌာန ပါမောက္ခ(ဌာနမှူး)နှင့် သိပ္ပံဘာသာရပ်များအကြောင်း သိကောင်းစရာများကို ဓာတုဗေဒနှင့် စိုက်ပျိုးရေးဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး)တို့က ဘာသာရပ်များ၏ အရည်အသွေး၊ အရေးပါမှု၊ သင်ကြားရခြင်း၏ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ တက္ကသိုလ်လမ်းမကြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ သန်းခေါင်စာရင်းကောက်ယူသည့်အခါ အိမ်ထောင်စုများ ထပ်ကျန်ခြင်းမရှိစေရန်နှင့် Census Unit တစ်ခုချင်း၏ အဆောက်အဦများ၏ တည်နေရာနှင့် အိမ်ထောင်စုအရေအတွက်ကို သိရှိနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်)များတွင် အဆောက်အဦစာရင်းတင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်းကြီးကျေးရွာအုပ်စုရှိ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာ၊ စိုက်ပျိုးရေးမျိုးသန့်ခြံတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) (၁၅)ဧက မျိုးစေ့ထုတ်စိုက်ခင်းအားလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာရှိ တောင်သူဦးချစ်မောင်နှင့် ဦးသက်နိုင်တို့၏ စိုက်ဧက(၈)ဧက၌ ဆီထွက်သီးနှံနေကြာ Super Sun 41စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ပဲရင်းစိုက်ခင်း၊ ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများအားလည်းကောင်း၊ ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ၊ တောင်သူဦးဝင်းမြင့်ဦး၏ ဆီထွက်သီးနှံနေကြာ Super Sun 41(၁၀)ဧက စံပြစိုက်ခင်းအားလည်းကောင်း၊ ဇလွန်မြို့နယ်၊ ဖက်သောင်ကျေးရွာ၊ တောင်သူဦးရွှေထူး၏ ဆီထွက်သီးနှံနေကြာ Super Sun 41(၁၀)ဧက စံပြစိုက်ခင်းအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးကြရန်၊ ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန်၊ ပိုးမွှားများ မကျရောက်စေရေးနှင့် ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး၊ စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)