ဘားအံ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ တတိယလုပွဲစဉ်အဖြစ် အ-ထ-က(၂)ကျောင်းနှင့် အ-ထ-က(ခွဲ-၂)ကျောင်းတို့ ယှဉ်ပြိုင်ကြရာ အ-ထ-က(၂)ကျောင်းမှ နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်အဖြစ် အ-ထ-က(၅) ကျောင်းနှင့် အ-ထ-က(စက်ရုံ) ကျောင်းတို့ယှဉ်ပြိုင်ကြရာ အ-ထ-က(စက်ရုံ) ကျောင်းမှ (၂)ပွဲပြတ် အနိုင်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးထင်နှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္တဆုများအား ဆုငွေနှင့် လည်ဆွဲတံဆိပ်များကိုလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိကျင်းပခဲ့ခြင်းဖြစ်ပြီး အခြေခံပညာကျောင်းများမှ အသင်း(၁၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်၍ နိုင်ငံတော်က အားကိုးယုံကြည်ရသော ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်လာစေရန်၊ အားကစားသမားများ အချင်းချင်းပိုမိုစည်းလုံးချစ်ခင်ပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင် ကစားတက်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရသည့် ထူးချွန်ထက်မြက်သော မျိုးဆက် သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ အတွင်းရေးမှူးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)