တောင်တွင်းကြီးမြို့နယ် ရှေ့ဟောင်းသမိုင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ အမှတ် (၁) အခြေခံပညာအထက်တန်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားရောက်လေ့လာ

တောင်တွင်းကြီး ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများလေ့လာရေးအဖွဲ့သည် ယမန့်နေ့ နေလယ် (၂) နာရီက သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ရှေ့ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က မြန်မာနိုင်ငံတွင် ရှေးဟောင်းသုတေသန စတင်ပေါ်ပေါက်ချိန်မှစ၍ ပျူယဥ်ကျေးမှူထွန်းကားရာ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစသည့် ပျူမြို့ဟောင်းများအား တူးဖော်သုတေသနပြုခဲ့ကြပြီး ၂၀၁၄ ခုနစ်၊ ဇွန်လ(၂၂)ရက်နေ့တွင် ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသော ပျူမြို့ဟောင်းသုံးမြို့တွင် ဗိဿနိုးမြို့ဟောင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မြို့ဟောင်းသည် ၃ ဒသမ ၃ စတုရန်းမိုင်ကျယ်ဝန်းပြီး ပုံသဏ္ဍာန်မှာ လေးထောင်မကျတကျပုံသဏ္ဍာန်ပုံစံနှင့် မြို့ဟောင်း၏ပတ်လည်တွင် ရွာပေါင်း (၁၁) ရွာ ဝန်းရံလျက်ရှိပြီး ဗိသာနိုး ပျူယဥ်ကျေးမူဒေသအား ၂၄၃၅ ဒဿမ ၆၁ ဧကနှင့် ကြားခံဒေသ ၇၁၁၄ ဒသမ ၁၆ ဧက စုစုပေါင်းဇုန် နယ်နိမိတ်ဧရိယာ ၁၀၀၄၉ ဧကဖြစ်ကြောင်းကိုလာရောက်လေ့လာကြသည့် လေ့လာရေးအဖွဲ့ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်အတွင်းရှိ ပြကွက်များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်ဝတ္ထုပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ အင်္ဂတေပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ကြေးထည်ပစ္စည်းများ၊ ငွေထည်ပစ္စည်းများ၊ ရွှေထည်ပစ္စည်းများ၊ သတ္တုရောပစ္စည်းများ၊ အရိုးပြာအိုးများ၊ ပျူခေတ်ကာလ မြို့ဟောင်းတွင် နေထိုင်ခဲ့ကြသော ပျူလူမျိုးများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်နေသော ယဥ်ကျေးမှု အမွေအနှစ်ပစ္စည်းများ၊ ဗိသုကာအနုသုခုမ လက်ရာများကို ရှေးဟောင်းသုတေတနပြတိုက်အတွင်း ပြကွက် (၁၁)ကွက်ဖြင့် ခင်းကျင်းပြထားသည်များကို လိုက်လံပြသခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)