ကြံခင်း ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ (အ.ထ.က) ဆိပ်သာကျောင်းတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်အန္တရာယ်များအား သိရှိပြီးကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် (အ.ထ.က) ဆိပ်သာကျောင်းအုပ်ဆရာမကြီးဒေါ်ဥမ္မာက အဖွင့်အမှာစကားပြောကြားပြီးနောက်၊ ဆိပ်သာနယ်မြေရဲစခန်း မှခေတ္တစခန်းမှူးဒုရဲအုပ်အောင်အောင်က ကျောင်းသား/သူများ ယာဉ်စည်းကမ်းလိုက်နာရေး၊ အသက် (၁၈) နှစ်မပြည့်လျှင် မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းမပြုလုပ်ကြဖို့နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာအချက်များ၊ အရေးယူဆောင်ရွက်မည့်ပြစ်မှု၊ ပြစ်ဒဏ်များအားလည်းကောင်း၊ Online ပေါ်တွင် သတင်းတု၊ သတင်းမှားတင်ခြင်းနှင့်ပတ်သက်ပြီး အသိပညာပေးရှင်းလင်း ဟောပြောပါသည်။
ဆက်လက်ပြီး ဆိပ်သာတိုက်နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်ရဲလင်းက မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ သုံးစွဲမိပါက ဖြစ်ပေါ်နိုင်သောလက္ခဏာများ၊ ဆေးလိပ်သောက်ခြင်းဖြင့် ရရှိနိုင်သောရောဂါများအား အသိပညာပေးဟောပြောပြီးနောက်၊ ကျောင်းသား/သူများအား ဉာဏ်စမ်းမေးခွန်းများဖြင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ကြသည်။
ဟောပြောပွဲသို့ ဆိပ်သာနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူးဒုရဲအုပ်အောင်အောင်၊ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်ရဲလင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှတာဝန်ရှိသူများ၊ (အ.ထ.က) ဆိပ်သာကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဥမ္မာ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ (၃၅၈) ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)