အိမ်မဲ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အ-ထ-က(၂)ကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ် ပို့ချခြင်းကို အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက အထူးရဲများနှင့် ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းမှာကြားပေးပြီး သင်တန်း ကြီးကြပ်ရေးမှူး အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုကြီးက အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အိမ်မဲမြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် (၉၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့် အညီအောက်တိုဘာလ(၁) ရက်နေ့မှ အောက်တိုဘာလ (၂၈)ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့သော သင်တန်းတွင် အခြေခံ စစ်ရေးပြနှင့် အထူးရဲများ သိသင့်သိထိုက်သည့် ဥပဒေ ဘာသာရပ်၊ ရဲကျင့်ဝတ်တို့အား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)