ကရသူရိ ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံအများဆုံး စိုက်ပျိုးလုပ်ကိုင်ကြသည့် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းရာဘာဈေးမှာ ယခုကာလအတွင်း ဈေးကျဆင်းလာသည့်အတွက် ခြံပိုင်ရှင်များနှင့် ရာဘာအစေးခြစ်လုပ်သားများ အခက်တွေ့လျက်ရှိသည်။
“ဒီလထဲမှာပဲ ရာဘာဈေးက ကျသွားတာ။ ရာဘာဈေးကျပြီဆိုတာနဲ့ ခြံပိုင်ရှင်တွေရော၊ ရာဘာအစေးခြစ်အလုပ်သမားနဲ့ သူတို့ကိုမှီခိုနေကြတဲ့ မိသားစုတွေပါ ဝင်ငွေနည်းသွားတော့တယ်။ ခြံပိုင်ရှင်တွေအနေနဲ့လည်း ရင်းနှီးထားတဲ့ ကုန်ကျစရိတ်ကများတယ်။ ခြံပိုင်ရှင်နဲ့ အစေးခြစ်လုပ်သားက ရာဘာကို ၃ ချိုး ၁ ချိုးနဲ့ ခွဲဝေယူကြတာဖြစ်တယ်။ အခုလိုဈေးကျချိန် ရာဘာတွေမထုတ်နိုင်တော့ နှစ်ဦးစလုံးအတွက် အခက်အခဲဖြစ်ရပါတယ်” ဟု ရာဘာစိုက်ပျိုးလုပ်ကိုင်သည့် ခြံပိုင်ရှင်တစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ အဖွင့်ရာသီ နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာ ရာဘာ ၁ ပေါင်ကို ၁၃၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်အထိ စျေးကောင်းရရှိခဲ့တယ်။ အခုရာသီမှာကတော့ ၉၉၀ ကျပ်ဝန်းကျင်လောက်ပဲရတော့ တွက်ခြေမကိုက်ဘူး။ ရောင်းချမှုကလည်း ခဏရပ်ထားတော့ အကျပ်အတည်းတွေ ဖြစ်နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကရသူရိမြို့တွင် ဒေသခံများအနေဖြင့် နှစ်ရှည်စိုက်ပျိုးရေးအဖြစ် ကွမ်းသီးနှင့် ရာဘာကို စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်ရာသီတွင် ကွမ်းသီးဈေးမှာ တစ်ပိဿာ (၂၀၀၀) ကျပ်ဝန်းကျင်သာ ရရှိ၍ သိုလှောင်ထားရပြီး ရာဘာဈေးမှာလည်း ကျဆင်းနေသည့်အတွက် အဝယ်ဒိုင်များမှာ မြိတ်မြို့သို့ တင်ပို့ရောင်းချနေကြကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)