ကျွန်းစု ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ အ.လ.က (ခွဲ) ပြင်ထပ်အော်ကျောင်းနှင့် အ.လ.က(ခွဲ) သင်္ဃန်းအော်ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်အခြေခံပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မှုခင်းကျဆင်းရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးမှ တားဆီးကာကွယ်ပေးရေး စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းက အားကစား ပြုလုပ်ခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ပတ်သက်၍ ပညာသင်ကြားခွင့် ရရှိနိုင်မည့် အခွင့်အရေးများ အကြောင်းကို အသိပညာပေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အသိပညာပေး နံရံကပ် ဗွီနိုင်းများ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)