ကော့သောင်း ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြိုနယ် ငလုံးလဖယ်ကျွန်း မုတ်ကောင်သားဖောက်ခြင်းနှင့် ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းအား တိုးချဲ့ဧရိယာအဖြစ် ခရင်းခွကျွန်း အရှေ့မြောက်ဘက် ရေပြင်ဧရိယာ(၂၅၅)ဧကပေါ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် မုတ်ကောင်မွေးမြူခြင်း စီမံကိန်း၏ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း(Initial Environmental-IEE) လုပ်ငန်းစဉ်နှင့်ပတ်သက် ၍အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်က အမှတ်(၅၈)ရေတပ်စခန်း အခြေစိုက် ဇာဒက်ကြီးကျွန်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တာဝန်ယူအကောင်အထည်ဖော်မည့် ပြည်စုံထက်မြင့်ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူ ဦးခိုင်ကျော်မှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး EGuard Environmental Services၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟမှ စီမံကိန်းနှင့်ပတ်သက်၍ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (Initial Environmental Examination-IEE)၏ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာသော သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ဒေသခံများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဒေသခံဆလုံတိုင်းရင်းသားများနှင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဉနှင့် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)