မင်းလှမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်းဆောင်ရွက်

အထက်မင်းလှ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၉)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှ ကျန်းမာရေးဆရာမများက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၏လက္ခဏာများနှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်နည်းများ၊ ဖြစ်ပွားလာပါက စနစ်တကျကုသရမည့်နည်းလမ်းများ၊ ဆီးချို၊ သွေးချိုရောဂါနှင့်ပတ်သက်သည့်  နောက်ဆက်တွဲရောဂါများနှင့် ဆိုးကျိုးများစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကျန်းမာ‌ရေးစစ်ဆေးခြင်းဆေးကုသပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌ ဒေါက်တာစန်းစန်းမိုး၊ လက်‌ထောက်ဆရာဝန် ဒေါက်တာအောင်ကျော်သူနှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများအား စစ်ဆေးကုသပေးခြင်းဆောင်ရွက်ပေးခဲ့သည်။ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးရာတွင် လာရောက်စစ်‌ဆေးသူ (၂၇)ဉီးရှိပြီး၊ သွေးတိုးရောဂါတွေ့ရှိသူ(၂၂)ဦး၊ သွေးချိုရောဂါတွေ့ရှိသူ (၇)ဦး၊ နှလုံးရောဂါတွေ့ရှိသူ မရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)