ဖျာပုံ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တို့တွင် ဘာသာရပ်အလိုက် ထူးချွန်ဆုရသူများနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၊ စိမ်းလန်းစိုပြေသန့်ရှင်းသော ဆုရကျောင်းတို့အား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း မြမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေး စုံညီပွဲတော်တွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်ကပညာရေး စုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖျာပုံမြို့အထက(၄)ကျောင်း ကျောင်းသား၊ ကျောင်းသူကလေးများက မြန်မာ့ကျောင်းသီချင်းဖြင့်လည်းကောင်း၊ အ.မ.က(၇)တောင်ပိုင်း ကျောင်းသား၊ ကျောင်းသူကလေးများက လက်ပံပွင့်ကောက်သီချင်းဖြင့် လည်းကောင်း၊ အထက(၁)၊ အထက (၂)ကျောင်းသား၊ကျောင်းသူကလေးများက "အလှကမ္ဘာမြေ"၊ "ဒုံးယိမ်းည" စသောတေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တို့တွင် ဘာသာရပ်အလိုက် ထူးချွန်ဆုရသူများနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ စိမ်းလန်းစိုပြေသန့်ရှင်းသောကျောင်း ဆုရ အ.ထ.က (ကနိ)ကျောင်းအားဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)