ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့်နွေနှမ်းသီးနှံ ဧကခြောက်သောင်းကျော် လျာထားစိုက်ပျိုးသွားမည်

ပွင့်ဖြူ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့် ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့်နွေနှမ်းသီးနှံ ဧကခြောက်သောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့်မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် တောင်မုန်းမြောင်းမကြီးနှင့်မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေလုံလောက်စွာ ရယူသုံးစွဲနိုင်ရေး စနစ်တကျဖြန့်ဝေပေးလျက်ရှိရာ လာမည့် ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများ နွေစပါး၊ နွေနှမ်းနှင့်အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ယခု ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေဖို့နဲ့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် ရည်ရွယ်ပြီးတော့ နွေစပါး ၃၁၂၈၇ ဧကနဲ့ နွေနှမ်း ၃၇၃၄၈ ဧက၊ စုစုပေါင်း နွေသီးနှံ ၆၈၆၃၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကိုလည်း နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ဖို့အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှာ မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နွေသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး လျာထားဧက ပြည့်မီအောင် စိုက်ပျိုးသွားနိုင်ဖို့နဲ့ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းများ ရရှိစေဖို့အတွက် လိုအပ်တဲ့စိုက်ပျိုးရေးနည်းပညာများကို ကြိုတင်၍ အသိပညာပေးလုပ်ငန်းတွေ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီဒေသက စိုက်ပျိုးရေအဆင်ပြေတာကြောင့် ဒေသခံတောင်သူတွေက စပါးနဲ့ နှမ်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ နွေ၊ မိုး၊ ဆောင်း  တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး အဓိက စိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ မတ်ပဲ၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ နှံစားပြောင်း တို့ကို စိုက်ပျိုးကြကြောင်း သိရပြီး ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများက သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်အတွက် နွေစပါးနှင့် နွေနှမ်းစိုက် ဧကခြောက်သောင်းကျော်ကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)