မြောင်းမြ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းသားကျောင်းသူများက "စုံညီပွဲတော်တို့နွဲပျော်" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့နယ် ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်က စုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စာပေနှင့်အားကစား၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းပြိုင်ပွဲမှ ဆုရရှိသော ကျောင်းများအား ဆုများဆက်လက်ချီးမြှင့်ပေးခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ ထို့နောက် အ.ထ.က (၆) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူး ဆရာကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)