ပွင့်ဖြူ ဇန်နဝါရီ ၁၈
ဆောင်းရာသီကာလ ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုနည်းပြီး ကွမ်းအထွက်နှုန်း လျော့နည်းခဲ့သဖြင့် ယခုရက်ပိုင်း ကွမ်းဈေးကွက်တွင် ကွမ်းနုဝါတစ်ပိဿာ ငွေကျပ်နှစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံတောင်သူထံမှ သိရသည်။
"ယခု ဆောင်းရာသီကာလမှာ ဒေသတွင်းရှိ ကွမ်းစိုက်ပျိုးတောင်သူတွေ အောင်မြင်ဖြစ်ထွန်းမှုနည်းပြီးတော့ ကွမ်းအထွက်နှုန်းလဲ ကျဆင်းလာတယ်။ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းက သေချာစနစ်တကျ စိုက်ပျိုးလုပ်ကိုင်ရပါတယ်။ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းဟာ စိုက်ပျိုးပြီး တစ်လခွဲအကြာမှာ ခေါင်ညွန့်နှိမ်ပေးရပြီး (၃) လအကြာမှာ ရောင်းတန်းဝင်ကွမ်းရွက်များကို စတင်ဆွတ်ခူးရောင်းချရပါတယ်။ မှိုရောဂါ မကျရောက်အောင် အထူးဂရုစိုက်ပေးရတဲ့အပြင် အပင်ခြေ ရေမဝပ်စေအောင်လဲ ပြုလုပ်ပေးရပါတယ်။ ဒါမှသာ စိုက်ပျိုးပြီးချိန် အပင်တွေသေတာတို့၊ အရိုးပုပ်တာတို့၊ အမြစ်ဆွေးဝင်တာတို့ကို ကင်းဝေးစေမှာဖြစ်ပါတယ်။ ဆောင်းတွင်းကာလဆိုတော့ အအေးဓာတ်ပိုလာတဲ့အခါ ကွမ်းခြံတွေက ကွမ်းရွက်အထွက်နှုန်းနည်းလာပြီး ကွမ်းဈေးလဲ ဈေးနှုန်းမြှင့်တက်လျက်ရှိနေပါတယ်။ လက်ရှိမှာ ကွမ်းနုဝါတစ်ပိဿာကို ငွေကျပ် ၂၂၀၀၀ ၊ ရိုးရိုးကွမ်းစိမ်းက တစ်ပိဿာကို ငွေကျပ် ၁၅၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိနေပါတယ်။ ယခုလို ဆောင်းရာသီမှာ ကွမ်းအထွက်နှုန်းနည်းပေမယ့် ကွမ်းဈေးကောင်းမွန်တာကြောင့် ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင် ကွမ်းခြံ စိုက်ပျိုးလုပ်ကိုင်ကြတဲ့ တောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိလို့ လုပ်ငန်းအဆင်ပြေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေအဆင်ပြေသည့်အတွက် (နွေ ၊ မိုး ၊ ဆောင်း) စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် မိသားစုနေ့စဉ်ဝင်ငွေ ရရှိသည့် စားဖိုဆောင်သီးနှံများကို သီးထပ်သီးညှပ် ရောနှောစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ အချို့တောင်သူများက မိမိတို့၏ ခြံဝန်းများ၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်၌ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို ဒေးဒရဲကျေးရွာ ၊ ဝဲဒေါင့်ကျေးရွာ ၊ သမန်းရင်းကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက် ကျေးရွာများမှ ဒေသခံတောင်သူများက မိသားစု ဝင်ငွေတိုးလုပ်ငန်းအဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )