ပေါက်ခေါင်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က အခြေခံပညာမူလတန်းလွန်ကျောင်း(လေးကြီး)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်စေရန် သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုရရှိရန်စာများများဖတ်ကြရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးအကြောင်းအရာများနှင့် ရှောင်ကြဥ်ကြရမည့်အချက်များကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအဖြစ် ဒုတိယဦးစီးမှူးဦးသိန်းထွန်းစိုးနှင့်ဝန်ထမ်းများက အသိပညာတိုးပွားစေမည့် ရုပ်ပုံပါပုံပြင်စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ စာအုပ်များအားဖတ်ရှုစေခြင်းနှင့်မူးယစ်ဆေးဝါးအသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)