ဘားအံ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ယမန်နေ့နံနက် (၉:၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော်တို့နွှဲပျော် အဖွင့်သီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီးနောက် ပြည်နယ်ပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်နှင့် ဘားအံမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းရီရီသန်းတို့က အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပညာရေးစုံညီပွဲတော် ထူးချွန်ဆုများကို ချီးမြှင့်ရာ မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ထူးချွန်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ပြီး နောက် အမှတ်(၁၅) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက စုပေါင်းအကဖြင့်သော်လည်းကောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်သော်လည်းကောင်း သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)