ပွင့်ဖြူ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြု၍ ပန်းမုံလာသီးနှံစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၂) လခွဲခန့်အကြာတွင် ရောင်းတန်းဝင် ပန်းမုံလာထုပ်များကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရကြောင်းနှင့် ပွင့်ဖြူမြို့နယ်ဒေသထွက် ပန်းမုံလာများသည် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်၍ ဒေသခံပြည်သူများက အကြိုက်တွေ့ဝယ်ယူစားသုံးကြသဖြင့် ဈေးကွက်အတွင်း၌ ရောင်းအားမွန်လျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မြေအောက်ရေနဲ့ မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းဘေးတစ်လျှောက် ကိုင်းမြေနှင့် မြေနုကျွန်းတွေမှာ တစ်ပိုင်တစ်နိုင် ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို ယခင်က စိုက်ပျိုးသူနည်းပါးခဲ့ပေမယ့် ယခုနောက်ပိုင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုရှိ၍ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများက မိမိတို့၏ နေအိမ်ဝိုင်း မြေကွက်လပ်များတွင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြပါတယ်။ ယခုလက်ရှိ ပန်းမုံလာတစ်ထုပ်ကို ငွေကျပ် (၁၀၀၀ ၊ ၁၂၀၀) ဈေးနဲ့ ရောင်းချရလို့ ပန်းမုံလာသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေအတွက် ဈေးကောင်းရရှိပြီး စီးပွားရေးတွက်ခြေကိုက်ကြတယ်။ ပန်းမုံလာသီးနှံ စိုက်ပျိုးရာ၌ အဖြူမျိုးနှင့် အစိမ်းမျိုးဟူ၍(၂)မျိုး စိုက်ကြပြီး ကျွန်တော်တို့ဒေသက ထွက်ရှိတဲ့ ပန်းမုံလာသီးနှံက အစားအစာ ဘေးကင်းလုံခြုံစေဖို့ အော်ဂဲနစ်စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးတာကြောင့် သန့်ရှင်းလတ်ဆတ်မှုရှိပြီး အရည်အသွေးလဲ ကောင်းမွန်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေက အကြိုက်တွေ့ဝယ်ယူကြလို့ ဈေးကွက်မှာ အရောင်းသွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် သာစည်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ ဖူလုံစွာရရှိသဖြင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပန်းနှမ်း ၊ ပဲတီစိမ်း ၊ကုလားပဲ၊ ထောပတ်ပဲ၊ ပဲစင်းငုံ၊ ဖူးစားပြောင်းသီးနှံတို့ကို အဓိကစိုက်ပျိုးကြကြောင်း ၊ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများ၌ အချို့ဒေသခံတောင်သူများက မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ သီးနှံအပိုဝင်ငွေရရှိစေရန် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် တစ်နှစ်ပတ်လုံး ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေ အဆင်ပြေသဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )