ပွင့်ဖြူ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာရှိ မုန်းချောင်းအား ဒေသခံပြည်သူများ အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ယာယီဝါးတံတားဆောက်လုပ်ရန် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ အမေထွား(ပဲဆီသန့်)မိသားစုက ကုန်ကျစရိတ်မတည်လှူဒါန်းခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများ စုပေါင်းကာ ယာယီဝါးတံတားအား အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ စိတ်အေးချမ်းစွာဖြင့် သွားလာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းအား ယာယီဝါးတံတား တည်ဆောက်ရန်အတွက် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှ အမေထွား(ပဲဆီသန့်)မိသားစုက လိုအပ်သော ကုန်ကျစရိတ်အား မတည်လှူဒါန်းပေးခဲ့ပြီး ယခုလ ၁၀ ရက်နေ့က ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများ စုပေါင်း၍ အရှည်ပေ ၁၀၀၀ ခန့်ရှိသည့် ယာယီဝါးတံတားအား အောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စု၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိကာ မုန်းချောင်းရေသည် မြို့အနီးမှ ရစ်ခွေစီးဆင်းလျက်ရှိ၍ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေဖူလုံ၍ (နွေ၊ မိုး၊ ဆောင်း) ရာသီမပြတ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြသည်။ ယခုကဲ့သို့ ပွင့်လင်းရာသီကာလများတွင် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် ကျေးလက်နှင့် မြို့ပြ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် မုန်းချောင်းအား ယာယီဝါးတံတားတည်ဆောက်၍ အဓိက သွားလာအသုံးပြုကြကြောင်းသိရှိရပြီး ယခုနှစ်တွင် မုန်းချောင်းဖြတ်ကူး ယာယီဝါးတံတားအား အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများအတွက် အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)