သရက်မြို့၌ ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းနှင့် (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

သရက် ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းနှင့် (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက်၅နာရီခွဲအချိန်က သတ္တဌာနဘုရားကြီး မြတ်စွယ်တော်တိုက်တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးပြီး ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်တော်မူသော ရွှေစေတီမှ ဗုဒ္ဓဘိသေက အနေကဇာတင်လှူမည့် ပလ္လင်ထက်သို့ တာဝန်ရှိသူများကပင့်ဆောင်ကာ ဩဝါဒစရိယဆရာတော်ကြီးများက ဗုဒ္ဓမြတ်စွယ်တော်နှင့် ဘုရားကြီးပုရဝဏ်အတွင်းရှိ စေတီပုထိုးများ၊ ရုပ်ပွားတော်ဆင်းတုတော်များနင့် မြတ်ချမ်းသာဘုရားကြီး၊ နှစ်ကျိပ်ရှစ်ဆူဘုရားများအား ဗုဒ္ဓဘိသေက အနေကဇာ တင်လှူကြသည်။

ထို့နောက် ဗုဒ္ဓမြတ်စွယ်တော်ကို ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းက ပူဇော်ကန်တာ့ပြီး ဩဝါဒစရိယဆရာတော် မြို့နယ်သံဃ့နာယက ဥက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ (၉) ပါးသီလဆောက်တည်ကာ ဆရာတော်ကြီးများက မေတ္တာသုတ်တော်နှင့် ပရိတ်တရာတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃ့နာယကဥက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)