ပေါင်းတည် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးမြေပြုပြင်ရေး သဘာဝမြေသြဇာထုတ်လုပ်ရောင်းချလျက်ရှိပြီး ဒေသခံတောင်သူများနှင့်အနယ်နယ်အရပ်ရပ်မှ တောင်သူများသုံးစွဲလျက်ရှိရာ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်သူများ ဓာတုမြေသြဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီသြဇာခန်းခြောက်နေသောမြေများ၊ ဂဝံမြေများ၊ မြေချဉ်မြေငံပေါက်ပြီး PH Level မညီမမျှဖြစ်နေသည့် စိုက်ပျိုးမြေများကို သဘာဝမြေသြဇာပြန်လည်ဖြည့်တင်းပြီး သီးနှံအထွက်ကောင်းမွန်စေရန်ရည်ရွယ်၍ သဘာဝမြေသြဇာများထုတ်လုပ်ရခြင်းဖြစ်ကြောင်း၊ ဒေသခံများသာမက အနယ်နယ်အရပ်ရပ်မှ သုံးစွဲသူတောင်သူများအကျိုးဖြစ်ထွန်းကာ ထောက်ခံအားပေးမှုများကြောင့် လုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်လျက်ရှိကြောင်း ဇော်လင်းဖြိုးအမှတ်တံဆိပ်ဖြင့် သဘာဝမြေသြဇာထုတ်လုပ်သူ ဦးသိန်းဇံကပြောပြသည်။
ယခင်ကမှိုမျိုးစေ့ထုတ်များ ထုတ်လုပ်ရောင်းချနေသူတစ်ဦးလည်းဖြစ်သော ဦးသိန်းဇံက သဘာဝမြေဩဇာရရှိရန်အတွက်ဒေသတွင်းမှ ရရှိသောကြက်ချေး၊ နွားချေး အပါအဝင်တိရစ္ဆာန်မှရသော စွန့်ပစ်ပစ္စည်းများ၊ သစ်ရွက်ဆွေး၊ မြေဆွေး၊ ရိုးပြတ်၊ ပြောင်းရိုး၊ နှမ်းဖက်၊ နှမ်းရိုး၊ ဝါစေ့ကြိတ်ဖက်တို့ကို အမျိုးအစားအလိုက် ပုံ၍ဖုံးအုပ်ကာဆွေးမြေ့အောင် ၅ လခန့်မျှထားရှိပြီးနောက် ကျောက်မှုန့်၊ ငါးအမိုင်နိုတင်လဲရည်တို့ဖြင့်လုပ်ထားသော ငါးအမိုင်နိုအက်ဆစ်၊ EM(Effective Mico-organism)စသည်တို့ဖြင့် အချိုးကျပေါင်းစပ်ပြုလုပ်ရကြောင်း၊ ၁၅ ပိဿာဝင် တစ်အိတ်လျှင် ၂ သောင်းဝန်းကျင် စျေးနှုန်းဖြင့်ဖြန့်ချိပေးလျက်ရှိကြောင်း ရှင်းပြသည်။
တစ်ဧကစိုက်ခင်းတွင် ၈ အိတ်ခန့်ထည့်သွင်းစိုက်ပျိုးနိုင်ကြောင်း၊ ၃ နှစ်ထည့်သွင်းပြီးနောက် စိုက်ပျိုးမြေ၌မြေဆီလွှာအသစ်ဖြစ်ထွန်းလာကာ သီးနှံများသိသိသာသာပိုမိုဖြစ်ထွန်းလာကြောင်းကိုလည်း သုံးစွဲသူတောင်သူတစ်ဦးထံမှ သိရသည်။
သူရကြီး (ပြန်/ဆက်)