ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူကလေးများအား လူငယ်ရေးရာဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဖြူး ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ကျေးရွာနှင့် ရေသျှံကြီးကျေးရွာ မူလတန်းလွန်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူကလေးများအား လူငယ်ရေးရာဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်ယာဉ်ဖြင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက အလယ်တန်းအရွယ်များအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် စာကြည့်တိုက်များအကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်နွယ်နွယ်အေးက မူလတန်းအရွယ်များအား စိတ်ဝင်စားစေသော အသိပညာပေးရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောသရုပ်ပြသခြင်းများ၊ ကလေးအရွယ်မှစတင်ကာ စာဖတ်အားကောင်းစေရေးအတွက် နယ်လှည့်စာကြည့်တိုက်ယာဉ်ဖြင့် ကလေးစာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီးဖတ်ရှုပြီးသည့် စာအုပ်ပါအကြောင်းအရာများအား မေးမြန်းဖလှယ်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)