ကျွန်းလှ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ပထမအကြိမ် အာစရိယပူဇော်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၆ ရက်နေ့နံနက် ၈ နာရီခွဲက အဆိုပါစာသင်ကျောင်း၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အင်းကောင်းကျေးရွာ စာသင်ကျောင်းတွင် ပညာသင်ကြားပေးခဲ့သော အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ဩကာသကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြပြီး အလှူငွေနှင့် ပစ္စည်းများ ပေးအပ်ကြရာ ဆရာကြီး ဆရာမကြီးများက ဩဝါစကားပြောကြားကြသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အမှာစကားပြောကြားသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းတို့က ကျောင်းဥပတိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် မြို့နယ်ပညာရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆရာဆရာမများနှင့် တာဝန်ရှိသူတို့က အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဘာသာရပ်ထူးချွန်ဆု၊ ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အင်းကောင်းကျေးရွာ စာသင်ကျောင်းကို ၁၉၅၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ အခြေခံပညာအလယ်တန်းကျောင်း အဖြစ်တိုးမြှင့်လှစ်ခဲ့ကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၄၁၈ ဦးတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ