ပခုက္ကူ ဇန်နဝါရီ ၁၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က တက္ကသိုလ်တစ်ခုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်ပြီး သာယာဝပြော၍ ငြိမ်းချမ်းသော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်နိုင်ရန် ထူးချွန်ထက်မြက်ပြီး ပညာရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို ဖော်ထုတ်ပေးနေသည့်နေရာတစ်ခုဖြစ်ကြောင်း၊ တက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာပညာရပ်အသီးသီးကို ပို့ချသင်ကြားပေးရုံသာမက အကျင့်စာရိတ္တကောင်းမွန်သည့် ပညာတတ်နိုင်ငံ့သားကောင်းရတနာများကို မွေးထုတ်ပေးလျက်ရှိသည်နှင့်အညီ မောင်မယ်သစ်များအနေဖြင့် ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှုမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်ရေး ကြိုးစားစေလိုကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် မောင်မယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ပညာရည်၊ လက်ရုံးရည်နှင့် နှလုံးရည်တို့ပြည့်စုံကာ အတွေးအခေါ်မှန်ကန်ရင့်ကျက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားသင်ယူရင်း မိမိတက္ကသိုလ်အကျိုး၊ တိုင်းဒေသကြီးအကျိုး၊ နိုင်ငံ့ကောင်းကျိုးများကို တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း Zoom Meeting မှတဆင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိ(စီမံ)နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်(သင်ကြား)တို့က တက္ကသိုလ်အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားကြပြီး သင်ကြားပို့ချသွားမည့် ဝိဇ္ဇာဘာသာရပ်ရှစ်ခုနှင့် သိပ္ပံဘာသာရပ်ခြောက်တို့နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ၊ အကျိုးကျေးဇူးများနှင့် အခွင့်အလမ်းများအကြောင်းတို့ကို သက်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များက ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ်အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသီးချင်းများဖြင့် ကပြဖျော်ဖြေကြပြီး ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များက မောင်မယ်သစ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဘာသာရပ်အလိုက် ခင်းကျင်းပြသထားသည့် သရုပ်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်း (၃၀၀)ဦးနှင့် မောင်မယ်သစ်လွင် (၁၀၂)ဦး တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)