ဘားအံ ဇန်နဝါရီ ၁၈
ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘတ်ဂျတ်နှစ် တစ်နှစ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်နေသည့် သတင်းမှားများကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူကို ပေါင်းကူးပေးရသည့်သူများဖြစ်သည့်အတွက် အစိုးရ၏လုပ်ငန်းစဉ်များတွင် ပြည်သူများ ပူးပေါင်းပါဝင်လာအောင် စည်းရုံးဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာများ၊ မြို့များ သန့်ရှင်းသာယာလှပရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျ ရှိစေရေး လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားရာသီတွင်သာ အားကစားလှုပ်ရှားဆောင်ရွက်ရမည်မဟုတ်ဘဲ ရာသီမရွေး ဥတုသုံးပါးစလုံးတွင် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ယခင်အပတ် (၈/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၈၅)သန်းကျော်ဖြင့် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၊ နားနေခန်း တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)